No posts could be found.

မန်ယူရဲ့ကသောင်းကနင်းနှစ်များ
MRH.jpg
ဆာအဲလက်စ်ဖာဂူဆန် အလွန်မှာ မန်ချက်စတာယူနိုက်တက်ဟာ ကသောင်းကနင်းအခြေအနေနဲ့ ကြုံတွေ့ရမယ် ဆိုတာတော့ မှန်းထားပြီးသားပါ။ ဒါက မဆန်းပါဘူး။ အင်မတန်အောင်မြင်ခဲ့တဲ့ မန်နေဂျာတွေ အနားယူသွားရင် အသင်းဟာ ပဲ့ထိန်းမဲ့လှေငယ်လိုပဲ ကစဉ့်ကလျားအခြေအနေတွေနဲ့ ကြုံတွေ့ရတတ်တာပါပဲ။ အင်မတန်အောင်မြင်ခဲ့တဲ့ ဆာမတ်ဘတ်စဘီ (Sir Matt Busby) အနားယူသွားပြီးကာစကလည်း ဥရောပ ချန်ပီယံဘဝကနေ အခြေအနေတွေ ဆိုးသွားလိုက်တာ တန်းဆင်းသွားရတဲ့အထိပဲ။

၁၉၆၇-၆၈ ဥရောပချန်ပီယံဖြစ်ပြီးတဲ့နောက် ၁၉၆၉ မှာ ဆာဘတ်စ်ဘီ အနားယူခဲ့ပါတယ်။ အဲဒီနောက် အရံအသင်းရဲ့ နည်းပြ မက်ဂင်းနက်စ် (Wilf McGuinness) က မန်နေဂျာအဖြစ် တာဝန်ယူပြီးတဲ့နောက် ၁၉၆၉-၇၀ မှာ အဆင့်ရှစ် နဲ့ အဆုံးသတ်ခဲ့ရပြီး ၁၉၇၀-၇၁ ရာသီအစမှာလည်း အခြေအနေမကောင်းလို့ ဆာဘတ်စ်ဘီ ခဏ ပြန်တာဝန်ယူပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒီရာသီမှာလည်း အဆင့်ရှစ်နဲ့ပဲ အဆုံးသတ်ခဲ့ရပြီး လက်စတာစီးတီးက မန်နေဂျာ အိုဖာရယ်လ် (Frank O'Farrell) ရောက်လာပါတယ်။

သူလည်း အစပိုင်း ဟုတ်မလိုလိုနဲ့ အဆင့်ရှစ်နဲ့ပဲ ရာသီသိမ်းရတာကြောင့် ၁၈-လပဲ ခံပြီး ဒိုခါတီ (Tommy Docherty) ရောက်လာပါတယ်။ အဲဒီရာသီမှာ တန်းမဆင်းရအောင် ကယ်နိုင်ခဲ့ပေမဲ့ နောက်တစ်ရာသီလည်းရောက်ရော တန်းဆင်းရတော့တာပါပဲ။ ဒါပေမဲ့ ဒုတိယတန်း (ယခု Championship) မှာ တစ်ရာသီပဲနေခဲ့ရပြီး ပထမတန်း (ယခု ပရီမီးယားလိဂ်) ကို ပြန်တက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဆက်စ်တန်(Dave Sexton)၊ အက်ကင်ဆန် (Ron Atkinson) တို့ အဆင့်ဆင့်လက်ပြောင်းခဲ့ပြီး ၁၉၈၆-ခုနှစ်ကျမှ ဆာအဲလက်စ်ဖာဂူဆန် ရောက်လာပြီး မန်ချက်စတာယူနိုက်တက်ရဲ့ အောင်မြင်မှု သမိုင်းသစ်တစ်ခု ပြန်စတင်နိုင်ပါတော့တယ်။ ဒါတောင် ဂန္ထဝင်ဂိုးသမားကြီးဖြစ်လာမယ့် ပီတာရှမိုက်ကယ်၊ နောက်တန်းက ပေါလ်ပါကာတို့နဲ့အတူ မန်ချက်စတာယူနိုက်တက်ရဲ့ သက်တော်ရှည် ဂန္ထဝင် “ရွိုင်ယန်ဂစ်” တို့ စကစားတဲ့ ၁၉၉၁ မှာမှ ချန်ပီယံ ပြန်ဖြစ်ခဲ့တာပါ။
အဲဒီနောက်ပိုင်း ဆာအဲလက်စ်နဲ့ ဥရောပသရဖူနှစ်ခုအပါအဝင် အောင်မြင်မှုသရဖူ အကြိမ်ကြိမ်ဆောင်းခဲ့ပြီး ၂၀၁၃-ခုနှစ်မှာ ပရီမီးယားလိဂ် ချန်ပီယံအဖြစ်နဲ့ ဆာအဲလက်စ် အနိုင်နဲ့ပိုင်း အနားယူသွားပြီးခဲ့တဲ့နောက်ပိုင်းမှာ ဒေးဗစ်မွိုင်ယက်စ် လက်ထဲရောက်၊ ကသောင်းကနင်းတွေဖြစ်လို့ တနှစ်ပဲခံပြီး ဖန်ခါးလ် (Louis van Gaal) ရောက်လာ၊ သူ့လက်ထက်လည်း အခြေအနေမကောင်းနဲ့ နောက်ဆုံးတော့ ၂၀၁၆-၁၇ မှာ “စပါယ်ရှယ်ဝမ်း” လို့ ခေါ်ကြတဲ့ ဆရာကြီး မော်ရင်ညို ရောက်လာပါတော့တယ်။
ရောက်လေရာ လိဂ်ပြိုင်ပွဲတိုင်းမှာ ချန်ပီယံသရဖူ ယူပေးနိုင်ခဲ့တဲ့ မော်ရင်ညိုကို အတော်မျှော်လင့်ခဲ့မိတာ အမှန်ပါ။

ရောက်ရောက်ချင်း ၂၀၁၆-၁၇ မှာပဲ ဥရောပအဆင့် အောင်မြင်မှုနဲ့ ဝေးနေတဲ့ အသင်းကို ယူရိုပါလိဂ် ချန်ပီယံသရဖူ ဆောင်းပေးနိုင်ခဲ့လို့ အတော်လေး အားတက်သွားမိကြပါတယ်။ အစပိုင်းမှာ သုံးဂိုးပြတ်တွေချည်း နိုင်ပွဲတွေ ရလာတော့ ဟုတ်မလိုလိုနဲ့ မျှော်လင့်ရင်း နောက်ပိုင်းမှာ အသင်းဟာ ခံစစ်ဦးစားပေးလွန်းတဲ့ သူ့ကစားဟန်အောက်မှာ “ပွဲသိမ်းခရာမမှုတ်မချင်း မန်ချက်စတာယူနိုက်တက်ကို နိုင်ပြီလို့ မပြောနဲ့” ဆိုတဲ့ ယူနိုက်တက်ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ပျောက်ဆုံးခဲ့ရသလို ခေါ်လိုက်တဲ့ ကစားသမားတွေကလည်း အသင်းနဲ့ အံမဝင်လှဘဲ ကစားကွက်လည်းပျောက်၊ ချန်ပီယံဆုနဲ့လည်းဝေးပြီး ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ပဲ အသည်းအသန်ကစားနေတဲ့ ဘဝရောက်နေရပါတော့တယ်။ နိုင်သင့်တဲ့အသင်းကို သရေကျရုံမက တခါတခါ ရှုံးသွားရတာမျိုး၊ ခြေရည်တူ၊ အဆင့်တူ အသင်းကြီးတွေနဲ့ တွေ့ရင် သရေကျအောင်တောင် မနည်းကစားရပြီး ရှုံးသွားရတာတွေနဲ့ အဆိုးဆုံးကတော့ မြို့ခံပြိုင်ဘက် မန်စီတီးအသင်းရဲ့ အကြိမ်ကြိမ် အလဲထိုးမှုကို ခံရတာတွေ ကြုံလာရတော့ မော်ရင်ညိုကို စိတ်ပျက်လာကြတော့တာပါပဲ။

ပိုဆိုးတာက မော်ရင်ညိုဟာ ကစားသမားတွေကို လူသိရှင်ကြား ပြစ်တင်ဝေဖန်လွန်းတာပါ။ ဘာပဲဖြစ်ဖြစ် မန်နေဂျာ (နည်းပြ) ဟာ အသင်းရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေအတွက် တာဝန်အရှိဆုံးသူ ဆိုတာ သူမေ့နေပုံရပါတယ်။ ဒါကြောင့် ကစားသမားတွေလည်း မလုပ်ရဲ မကိုင်ရဲတွေဖြစ်ပြီး အမှားမှားအယွင်းယွင်းတွေ ဖြစ်နေခဲ့သလားလို့ တွေးမိပါတယ်။ မော်ရင်ညိုရဲ့ လက်အောက်မှာ ရဲရဲတင်းတင်း လျင်လျင်မြန်မြန် တိုက်စစ်ဆင်တာမျိုး မတွေ့ရဘဲ ဘောလုံး မဆုံးအောင်ဘဲ အာရုံစိုက် ကစားနေကြရင်း နောက်ကို ပြန်ပြန်ပေးနေတာတွေ များနေတာ၊ ဂိုးရှေ့ရောက်ရင် ဘောလုံး ပျက်သွားတာတွေ များနေတာ၊ ဂိုးပေါက် အကြိမ်ကြိမ်လွဲခဲ့တာတွေဟာ အရင်တုန်းက အောင်မြင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ကစားဟန်တွေကို ပြန်ပြီးတမ်းတမိချင်စရာပါပဲ။

အခုတော့ စပါယ်ရှယ်ဝမ်းလည်း သွားပါပြီ။ မိုက်ကယ်အိုဝင်ကတော့ “မလွှဲမရှောင်သာ ဆိုတဲ့စကားလုံးပဲ ကျွန်တော် သုံးပါတယ်။ မော်ရင်ညိုဟာ နောက်ဆုံးမှာတော့ သွားရမှာပါ။ ဒီကစားသမားတွေနဲ့ ရောက်သင့်တဲ့နေရာနားကိုမှ မသီနိုင်ခဲ့တာ” လို့ မှတ်ချက်ပေးသွားပါတယ်။ ထိသမျှ ရွှေဖြစ်ခဲ့တဲ့ မန်နေဂျာကြီးကို အတော်လေး မျှော်လင့်ခဲ့မိပေမဲ့ “မှန်းချက်နဲ့ နှမ်းထွက်မကိုက်” လေတော့ သူ့နောက်မှာ ဘယ်သူ ဆက်လာဦးမလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ပဲ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ စောင့်စားနေကြပါတယ်။

လတ်တလော သတင်းတွေအရတော့ ဘလွန့် (Blanc) ဇီဒန်း (Zidane) ပိုချက်တီနို (Pochettino) နဲ့ ဆိုးလ်စ်ရှား (Solskjaer) တို့က ခန့်မှန်းမှုမှာ ထိပ်ဆုံးကရှိနေကြပါကြောင်းပါ။

#ဟယ်ရီလွင်
Welcome to our new Social Network

Welcome to our new Social Network

[Zawgyi]
Myanmar Manchester United Fans Club

[Unicode]
Myanmar Manchester United Fans Club
မှ မြန်မာနိုင်ငံသား မန်ချက်စတာယူနိုက်တက် အသင်းအားပေးသူများကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။

Recent Members
My Account



Not a member yet? Sign up now!

Recent Posts

No posts could be found.

Recent Images

No photos could be found.